 |
| ၂၀၁၀ ရွေးကောက်ပွဲတွင် ရန်ကုန်မြို့ရှိ မဲဆန္ဒနယ်တစ်ခု၌ ဆန္ဒမဲပေးရန်အတွက် စိစစ်နေသည်ကို တွေ့ရစဉ် |
ယာယီသက်သေခံလက်မှတ် (၀ှိုက်ကတ်) ကိုင်ဆောင်ထားသူများကို
မဲပေးခွင့်ပြုခြင်းမှာ ဥပဒေအရ မညီညွတ်ဘဲ ၂၀၁၅ တွင် ၎င်းတို့အား
မဲပေးခွင့်ပြုခြင်းကို စိစစ်ပေးရန် ရွေးကောက်ပွဲ ကော်မရှင်သို့
တင်ပြသွားမည်ဟု ရခိုင်တိုင်းရင်းသား ခေါင်းဆောင်များက ပြောကြားသည်။
ယင်းဝှိုက်ကတ်များကို ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူမျိုးများအား ၂၀၀၈
ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထောက်ခံမဲပေးနိုင်ရန် ယခင်စစ်အစိုးရ လက်ထက်က
ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ရခိုင်ပြည်နယ်တွင်
ဝှိုက်ကတ်ကိုင်ဆောင်ထားသူ ဦးရေ ငါးသိန်းကျော်ရှိကြောင်း သိရသည်။
အဆိုပါဝှိုက်ကတ် ကိုင်ဆောင်ထားသူများမှာ ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊
မောင်တောဒေသများတွင် အဓိကရှိနေပြီး မြန်မာနိုင်ငံတွင်
လာရောက်နေထိုင်ကြောင်း အသိအမှတ်ပြုသည့် အနေဖြင့် ယာယီအားဖြင့်
ထုတ်ပေးထားသည့် လက်မှတ်ဖြစ်သည်ဟု ဆိုသည်။
ဝှိုက်ကတ် ကိုင်ဆောင်ထားသူများမှာ ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေအရဖြစ်စေ၊
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖြစ်စေ နိုင်ငံသားအဖြစ် တရားဝင်မှု
မရှိကြောင်းနှင့် မဲပေးခွင့် မပြုသင့်ကြောင်း ရခိုင်ဒီမိုကရေစီ
အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ ၀ှိုက်ကတ်
ကိုင်ဆောင်ထားသူများကို မဲပေးခွင့်ပြုခဲ့ပြီး ယင်းဒေသများ၌
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမတ်များ အနိုင်ရရှိခဲ့ရာ
လက်ရှိတွင် ၎င်းတို့အား နိုင်ငံသားဖြစ်မှုနှင့် ပတ်သက်၍
ရခိုင်တိုင်းရင်းသားများဘက်မှ စာဖြင့်ရေးသား တိုင်တန်းမှုများ ရှိသောကြောင့်
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ စစ်ဆေးမှုများ
ရှိနေသည်။
နိုင်ငံသားဖြစ်ခွင့်
မပေးထိုက်တဲ့ ပုဂ္ဂိုလ်တွေကို ပေးမိတဲ့ အခါကျရင် အချုပ်အခြာအာဏာ
တည်တံ့ခိုင်မြဲရေးကို သွားမထိခိုက်စေဘူးလား ဆိုတာကို သုံးသပ်ဖို့ လိုလာပြီ။
အဲဒါကြောင့် ယာယီသက်သေခံကတ် ဆိုတာကို မဲပေးပိုင်ခွင့်တို့၊ နိုင်ငံရေးပါတီ
ထောင်ခွင့်တို့ ပေးခဲ့ရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို
ဖောက်ဖျက်ကျူးလွန်ရာ ကျတယ် . . .
|
လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင်မူ အဆိုပါဝှိုက်ကတ် ကိုင်ဆောင်ထားသူများအား
မဲပေးခွင့် မပြုရန် ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြသွားရန်ရှိကြောင်း
ဦးအေး သာအောင်က ပြောကြားသည်။
''အဓိကအနေနဲ့ နိုင်ငံသားဖြစ်မှု ဥပဒေကို ကိုးကားပြီးတော့ ရွေးကောက်ပွဲ
ကော်မရှင် အဆင့်ဆင့်ကို တင်ပြသွားမယ်'' ဟု ဦးအေးသာအောင်က ပြောကြားသည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကလည်း
ယာယီသက်သေခံလက်မှတ် (၀ှိုက်ကတ်) ဆိုသည်မှာ ၁၉၈၂ နိုင်ငံသား ဥပဒေတွင်
မရှိကြောင်း၊ နိုင်ငံသား အခွင့်အရေး ချပေးထားခြင်းများကို နိုင်ငံသား
ဥပဒေတွင်ပါသော စည်းကမ်းချက်များနှင့်ညီ၊ မညီကို စစ်ဆေးရမည်
ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲ ကော်မရှင်သို့ ဥပဒေကြောင်းအရ တင်ပြသွားမည်ဟု
ပြောကြားသည်။
''နိုင်ငံသားဖြစ်ခွင့် မပေးထိုက်တဲ့ ပုဂ္ဂိုလ်တွေကို ပေးမိတဲ့အခါကျရင်
အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို သွားမထိခိုက်စေဘူးလား ဆိုတာကို
သုံးသပ်ဖို့လိုလာပြီ။ အဲဒါကြောင့် ယာယီသက်သေခံကတ် ဆိုတာကို
မဲပေးပိုင်ခွင့်တို့၊ နိုင်ငံရေးပါတီထောင်ခွင့်တို့ ပေးခဲ့ရင်၂၀၀၈
ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖောက်ဖျက်ကျူးလွန်ရာ ကျတယ်။ နိုင်ငံတော်ရဲ့
အချုပ်အခြာ အာဏာကိုလည်း ထိခိုက်စေတယ် ဆိုတာကို ကျိုးကြောင်းဆီလျော်စွာ
တင်ပြသွားဖို့ရှိတယ်'' ဟု ဒေါက်တာအေးမောင်က ဆိုသည်။
ထို့ပြင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင်ပါသော
ယာယီသက်သေခံကတ် ဆိုသည်ကို ဥပဒေကြောင်းအရ ခိုင်လုံခြင်းရှိ၊ မရှိကို
မေးခွန်းထုတ်ပြီး ပြည်ထောင်စု လွှတ်တော်ဥပဒေ၊ အမျိုးသား လွှတ်တော်ဥပဒေ၊
တိုင်းဒေသကြီး လွှတ်တော်ဥပဒေများအရ အဆိုပါ အသုံးအနှုန်းအား ဥပဒေကြောင်းအရ
ပေးထားသည်ကို ပယ်ဖျက်ပေးရန် ကြိုးစားသွားမည်ဟုလည်း ဒေါက်တာအေးမောင်က
ပြောကြားသည်။
အမေရိကန်ကဲ့သို့ လူ့အခွင့်အရေး အမြင့်ဆုံးစံ နမူနာပြသည့်
နိုင်ငံမျိုးတွင်ပင် အမြဲတမ်းနေထိုင်ခွင့်ကတ် (Green Card)
ကိုင်ဆောင်ထားသူများ မဲပေးခွင့်မရှိဘဲ မြန်မာနိုင်ငံတွင်
ဝှိုက်ကတ်ကိုင်ဆောင် ထားသူများကို မဲပေးခွင့်ပြုထားသည့် အချက်မှာ
ပြန်လည်သုံးသပ်သင့်ပြီး လိုအပ်ပါက ပြင်ဆင်သင့်ကြောင်း ရန်ကုန်တိုင်း
ဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်က
ပြောကြားသည်။
''၀ှိုက်ကတ်ဆိုတာ Green Card ကတ်ထက်တောင် နိမ့်သေးတယ်။ တကယ်တော့
ဝှိုက်ကတ်ဆိုတာ ဒီမှာရောက်နေတယ် ဆိုတာကို မှတ်ပုံတင်ထားတာ။ ဘယ်က ရောက်လာသလဲ
မသိဘူး။ ၀ှိုက်ကတ်ကိုင်ထားတဲ့ သူတွေကို စိစစ်ပြီး နိုင်ငံသားပေးလို့ ရမလား၊
မရဘူးလား စိစစ်ရမယ်။ အခုက ၀ှိုက်ကတ်ကိုင်ထားတဲ့ သူတွေက မဲပေးခွင့်ရနေတော့
နိုင်ငံသား ဟုတ်တာတွေ၊ မဟုတ်တာတွေ ရောနေတာပေါ့'' ဟု ဦးဇော်အေးမောင်က
ဆိုသည်။
ယင်းအချက်များနှင့် ပတ်သက်၍ ၀ှိုက်ကတ်နှင့် သုံးခေါက်ချိုးကတ်
ကိုင်ဆောင်ထားသူများအား ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ စိစစ်ပေးသွားရန်
ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြသွားမည်ဟု ရခိုင်တိုင်းရင်းသားများ
တိုးတက်ရေးပါတီဝင် ဦးဇော်အေးမောင်က ပြောကြားသည်။
FPNF{စွယ်စုံဆိုဒ်} Thanks To Eleven Meidia Group for its Grate Work !