News >> အစိုးရ တပ်ဖွဲ့၏ နယ်မြေ စိုးမိုးရေး လှုပ်ရှားမှုသည် အပစ်ရပ်ရေးကို ထိခိုက်နိုင်
![]() |
| အစိုးရ တပ်ဖွဲ့၏ နယ်မြေ စိုးမိုးရေး လှုပ်ရှားမှုသည် အပစ်ရပ်ရေးကို ထိခိုက်နိုင် |
Sunday, 19 May 2013
ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) နှင့်အစိုးရ တပ်ဖွဲ့တို့ ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံးမြို့နယ် မိုးပြင်း ကျေးရွာ အုပ်စု ကြည်တော် ကျေးရွာ အနီးတွင် ပြီးခဲ့သည့် မေလ (၁၇) ရက်နေ့ မနက်ပိုင်း၌ ပြင်းထန်စွာ ရင်ဆိုင် တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟု RCSS ၏ ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ဆိုပါသည်။
“ တိုက်ပွဲက (၃) နာရီလောက် ဖြစ်တာ အမှန်ပါဘဲ။ အစိုးရ တပ်တွေက အကြောင်း မကြားဘဲနဲ့ နယ်မြေ စိုးမိုးရေး လုပ်တာကိုးဗျ။ နယ်မြေခံ တပ်တွေနဲ့ ဖြစ်တာပေါ့။ တကယ်တော့ အပစ်အခတ် ရပ်စဉ်တုန်းက ပြောထားပါတယ်။ တိုက်ပွဲဖြစ်နိုင်တဲ့ နေရာတွေကို သွားကြရမယ် ဆိုရင် တဖွဲ့နဲ့တဖွဲ့ အကြောင်းကြားပေါ့ ပြောထားတယ်။ ဒါပေမဲ့ အစိုးရ ဖက်က မလိုက်နာတော့ တိုက်ပွဲတွေ ဖြစ်ကြမှာဘဲ။ အခုလည်းဘဲ ဘယ်တပ်နဲ့ ဖြစ်မှန်းကို မသိတာ” ဟု ဆိုပါသည်။
