News >> စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း မြစ်ရေတင် စီမံကိန်းများကြောင့် မကြာမီ နှစ်အနည်းငယ်အတွင်း စိမ်းပြာရေညှိများ ပျောက်ကွယ်သွားနိုင်



စစ်ကိုင်းမြို့နယ်၊ ရေခါးကျေးရွာရှိ စိမ်းပြာရေညှိ ထုတ်လုပ်သော ရေခါးအင်းအား တွေ့ရစဉ် (ဓာတ်ပုံ-မင်းသန့်)

ကမ္ဘာပေါ်တွင် စိမ်းပြာရေညှိကို အာဖရိက၊ မက္ကဆီကိုနှင့် မြန်မာနိုင်ငံတို့တွင်သာ စိမ်းပြာရေညှိ ထွက်ရှိရာ မြန်မာနိုင်ငံမှ စိမ်းပြာရေညှိ အထွက်နှုန်းမှာ ထက်ဝက် ကျဆင်းနေကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် စိမ်းပြာရေညှိကို စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းမှ အဓိက ထွက်ရှိလျက်ရှိရာ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းမှ မြစ်ရေတင် စီမံကိန်းများကြောင့် ယင်းဒေသရှိ စိမ်းပြာရေညှိ ထွက်ရှိရာ တွင်းတောင်အင်းအတွင်းသို့ မြေအောက်ရေများ ၀င်ရောက်လာကာ စိမ်းပြာရေညှိ အထွက်နှုန်းမှာ တစ်နှစ်ထက်တစ်နှစ် ကျဆင်းနေကြောင်း၊ မကြာမီ နှစ်အနည်းငယ်အတွင်း စိမ်းပြာရေညှိများ ပျောက်ကွယ်သွားနိုင်ကြောင်း ရေညှိပညာရှင် ပါမောက္ခ ဒေါက်တာဦးမင်းသိန်းက ပြောကြားသည်။

''ကမ္ဘာပေါ်မှာ စိမ်းပြာရေညှိထွက်တာ မြန်မာနိုင်ငံ အပါအ၀င် သုံးနေရာပဲရှိတယ်။ အခုဆိုရင် မြန်မာနိုင်ငံက စိမ်းပြာရေညှိ ထွက်ရှိမှုက တစ်နှစ်ထက်တစ်နှစ် ကျဆင်းလာတယ်။ လက်ရှိအခြေအနေကို ထိန်းသိမ်းမထားရင် မကြာခင်မှာ ရှိပြီးသား စိမ်းပြာရေညှိဟာ မြန်မာနိုင်ငံက ပျောက်ကွယ်သွားနိုင်ပါတယ်'' ဟုလည်း ပါမောက ဒေါက်တာဦးမင်းသိန်းက ပြောကြားသည်။

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း တွင်းတောင်အင်း၊ တောင်ပျောက်အင်း၊ တွင်းမအင်း၊ ရေခါးအင်းတို့မှ အဓိကထွက်ရှိပြီး ရေခါးအင်းမှာ ရေချိုများ ၀င်ရောက်ပြီး ငါးများအဆမတန် ပေါက်ဖွားမှုကြောင့် စိမ်းပြာရေညှိ မထွက်ရှိတော့ကြောင်းလည်း သိရသည်။

မြစ်ရေတင် စီမံကိန်းများကြောင့် တွင်းတောင်အင်း အတွင်းသို့ မြေအောက်မှတစ်ဆင့် ရေချိုများ ၀င်ရောက်လာကာ စိမ်းပြာရေညှိ ရှင်သန်နိုင်သော ရေ၏စံနှုန်း ကျဆင်းလာခြင်း ဖြစ်ကြောင်းလည်း သိရသည်။

''မြစ်ရေတင်စီမံကိန်း လုပ်ထားတဲ့ ရေမြောင်းတွေက တွင်းတောင်ရေမျက်နှာပြင် ထက် ပေ ၁၈၀ ကျော်လောက် မြင့်နေတယ်။ အဲလိုမြင့်နေတော့ အမြင့်ကနေ အနိမ့်ကိုစီးဆင်းတဲ့ သဘောတရားအရ ရေတွေက မြေအောက်ကနေတစ်ဆင့် စိမ့်ပြီးတော့ အင်းထဲကိုဝင်တယ်။ ရေချိုတွေဝင်လာတော့ စိမ်းပြာရေညှိ ပေါက်ဖွားတဲ့ ရေခါးရဲ့စံနှုန်းက လျော့ကျလာတယ်။ စိမ်းပြာရေညှိက ရေခါးစံနှုန်း ၉ ကနေ ၁၁ အတွင်း ပေါက်ဖွားနိုင်တယ်။ တွင်းတောင်ရဲ့ ရေခါးစံနှုန်းက ၁၀ ဒသမ ၄၅ လောက်ရှိတယ်။ အခုနောက်ပိုင်း ရေချိုတွေ ၀င်လာပြီးတော့ ရေခါးစံနှုန်းက ၉ ဒသမ ၃ လောက်အထိ လျော့ကျသွားတယ်'' ဟုလည်း ဒေါက်တာဦးမင်းသိန်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် ယင်းစီမံကိန်းကြောင့် တွင်းတောင် ပတ်ဝန်းကျင်အတွင်း လိုအပ်သည်ထက် ပိုမိုစိုစွတ်နေ၍ မြူများဆိုင်းကာ လိုအပ်သည့် နေရောင်မရရှိခြင်း၊ ရေချိုများ မြင့်တက်လာကာ ငါးများပေါက်ဖွားမှုနှုန်း မြင့်တက်လာပြီး၊ ထိုငါးများက ရေညှိများကို စားသုံးပါက ရေညှိအထွက်နှုန်း ကျနိုင်သည့်အပြင် မျိုးတုန်းပျောက်ကွယ် သွားနိုင်ကြောင်းလည်း သိရှိရသည်။

''အရင်တုန်းကဆိုရင် အထွက်နှုန်းက တစ်နှစ်ကို ရေညှိတန်ချိန် နှစ်ရာလောက်ထွက်တယ်။ အခုက တစ်နှစ်လုံးကို အရင်တန်ချိန် တစ်ဝက်တောင် မထွက်တော့ဘူး နောက်နှစ် အနည်းငယ်အတွင်းမှာ စိမ်းပြာရေညှိ လုံးဝမထွက်တော့တဲ့အထိ ဖြစ်သွားနိုင်ပါတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် စိမ်းပြာရေညှိကို ၁၉၈၄ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် တွင်းတောင်အင်းမှ စတင်တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း စိမ်းပြာရေညှိကို နိုင်ငံပေါင်း ၇၀ ခန့်က ဖြည့်စွက်စာအဖြစ် အသုံးပြုလျက်ရှိကြောင်း သိရသည်။

From Eleven Media Group
[facebook]
[blogger]

MKRdezign

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget