ကမ္ဘာ့အကြီးဆုံး ချစ်ပ်ထုတ်လုပ်သူဖြစ်သော Intel ကုမ္ပဏီ၏ CEO ရာထူးကို ပူပူနွေးနွေးလက်ခံရရှိထားသော ဘရိုင်ယန်ကာဇနစ်သည် သူ့လက်ထက်တွင် မိုဘိုင်းလ်ကဏ္ဍအား ဖိအားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီရှယ်ယာရှင်များအစည်းအဝေးတွင် ကတိပြုပြောကြားလိုက်သည်။
ကာဇနစ်သည် ပြီးခဲ့သော နိုဝင်ဘာက အနားယူတော့မည်ဟု အံ့အားသင့်ဖွယ်ထုတ်ပြန်ခဲ့သော ပေါလ်အိုတယ်လီနီထံမှ ရာထူးကိုလွှဲယူခဲ့ခြင်းဖြစ်ပြီး မကြာသေးမီကမှ ကျင်းပပြုလုပ်ခဲ့သည့် Intel ရှယ်ယာရှင်များနှစ်စဉ်အစည်းအဝေးတွင် ရာထူးကို စတင်ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။ အိုတယ်လီနီလက်ထက်တွင် Intel သည် PC ကဏ္ဍ၌ ပြိုင်ဘက် AMD ကို များစွာအသာစီးရခဲ့သော်လည်း Mobile ကဏ္ဍတွင်မူ ပြိုင်ဘက် ARM နှင့် Qualcomm တို့ကို လုံးဝမယှဉ်နိုင်ခဲ့ပေ။
"ဟုတ်ပါတယ်၊ ကျွန်တော်တို့ မဟာအခွင့်အရေးနဲ့လွဲခဲ့တာပါ။ တက်ဘလက်အပိုင်းမှာရော မိုဘိုင်းလ်ကွန်ပျုတင်းအပိုင်းတစ်ချို့မှာပါ ကျွန်တော်တို့ နောက်ကျနေခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ရေခံမြေခံကောင်းရှိပါတယ်" ဟု ကာဇနစ်က ရှယ်ယာရှင်များကို ရှင်းပြခဲ့သည်။ ကာဇနစ်သည် Intel တွင် နှစ် ၃၀ တိုင်တိုင်တာဝန်ထမ်းခဲ့သော ဝါရင့်ဝန်ထမ်းဖြစ်ပြီး အဆင့်မြင့်ထုတ်လုပ်ရေးစက်ရုံများကို ကိုင်တွယ်ရာ၌ နာမည်ရထားသူတစ်ဦးဖြစ်သည်။
ပြီးခဲ့သောရက်သတ္တပတ်က Intel သည် Atom Processor လိုင်းကို မိုဘိုင်းလ်နှင့်ပိုကိုက်သော ပုံစံသစ်ဖြင့် ပြင်ဆင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်းကြေညာခဲ့သည်။
--
မင်းညီညီချမ်း
DL Tech Club
-