ဂြိုဟ်တုဖျက်နည်းပညာဖော်ဆောင်နေသည်ဟု တရုတ်ကို အမေရိကန်စွပ်စွဲ ========================================== |
တရုတ်နိုင်ငံက ယခုရက်သတ္တပတ်အတွင်းလွှတ်တင်ခဲ့သော ဒုံးပျံမှာ ကမ္ဘာပတ်လမ်းအတွင်းရှိဂြိုဟ်တုများကို ဖျက်ချနိုင်သည့် နည်းပညာစမ်းသပ်မှုတစ်ခုဟု မိမိတို့ယုံကြည်နေကြောင်း အမေရိကန်ကာကွယ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ရိုက်တာသတင်းဌာနသို့ ထုတ်ဖော်ပြောဆိုလိုက်သည်။
ပြီးခဲ့သော တနင်္လာနေ့က လွှတ်တင်ခဲ့သော ဒုံးပျံသည် မည်သည့်အရာကိုမှ အာကာသအတွင်းတင်ပို့ခဲ့ခြင်းမရှိဘဲ အိန္ဒိယသမုဒ္ဒရာအတွင်းသို့ပြန်လည် သက်ဆင်းခဲ့ကြောင်း အမေရိကန်တို့၏ ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ခဲ့သည်။ "ဒုံးပျံသွားရာလမ်းတစ်လျှောက် ကျွန်မတို့သေချာလိုက်ကြည့်ပါတယ်။ ဒါပေမဲ့ အာကာသအတွင်းမှာ ဘယ်လိုအရာဝတ္ထုကိုမှ ချန်မထားခဲ့တာတွေ့ရတယ်" ဟု ဒုဗိုလ်မှူးကြီး မော်နီကာမတုရှ်က ပြောခဲ့သည်။ အဆိုပါတရုတ်ဒုံးပျံသည် ကမ္ဘာမြေပြင်အထက် ကီလိုမီတာ ၁၀၀၀၀ (မိုင် ၆၂၅၀) အထိရောက်ရှိခဲ့ပြီး ကမ္ဘာပတ်လမ်းအောက်ဒုံးပျံလွှတ်တင်မှုများအနက် ၁၉၇၆ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်ကြောင်း ဟားဗတ်-စမစ်ဆိုနီယမ် အာကာသရူပဗေဒဌာနမှ ဂျွန်နသန်မက်ဒေါ်ဝယ်က ဆိုသည်။
ယခုလိုလမ်းကြောင်းသို့လွှတ်တင်နိုင်သော မြေပြင်အခြေစိုက်ဒုံးပျံများသည် ကမ္ဘာပတ်လမ်းအတွင်းရှိ ဂြိုဟ်တုများကို ဖျက်ချနိုင်သည့် ကြားဖြတ်တိုက်ခိုက်ရေးဒုံးကျည်တစ်ခုခုအား သယ်ဆောင်သွားနိုင်စွမ်းရှိကြောင်း အမေရိကန်ကာကွယ်ရေးဌာနက ၄င်းတို့၏ ထင်မြင်ချက်ကို ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သော ၂၀၀၇ ခုနှစ်ကလည်း တရုတ်တို့သည် ကမ္ဘာပတ်လမ်းအတွင်းရှိ ၄င်းတို့ပိုင် သက်တမ်းကုန်ဂြိုဟ်တုတစ်လုံးကို ဒုံးပျံဖြင့်ပစ်ချဖူးသောကြောင့် အမေရိကန်တို့နှင့် ကြယ်တာရာစစ်ပွဲဆင်နွှဲတော့မည်လောဟု အထင်ခံရဖူးသည်။
တရုတ်တို့ကမူ ရှီချန်ဂြိုဟ်တုလွှတ်တင်ရေးစခန်းမှ လွှတ်တင်ခဲ့သော အဆိုပါဒုံးပျံသည် ကမ္ဘာ့သံလိုက်စက်ကွင်းကိုလေ့လာသည့် သိပ္ပံပစ္စည်းကိုသာတင်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း အခိုင်အမာငြင်းဆိုထားသည်။
--
မင်းညီညီချမ်း
DL Tech Club
--