ပါရှန်ပင်လယ် ကွေ့တွင် အမေရိကန်နှင့် ၄င်း၏ မဟာမိတ် နိုင်ငံများ စစ်ရေး လေ့ကျင့်မှု စတင် |
အမေရိကန် ပြည်ထောင်စုနှင့် ၄င်း၏ မဟာမိတ် နိုင်ငံများသည် ပါရှန်ပင်လယ် ကွေ့တွင် ကိုးရက်ကြာ စစ်ရေး လေ့ကျင့်မှုကို ဧပြီ ၂၈ ရက်တွင် စတင် လုပ်ဆောင်ခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
အဆိုပါ စစ်ရေး လေ့ကျင့်မှုကို ဇီဝဓာတုဆိုင်ရာ ထိခိုက် ပျက်စီးမှုများနှင့် ပတ်သက်၍ အရေးပေါ် တုံ့ပြန်မှုများကို လုပ်ဆောင်နိုင်ရန် အတွက် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အမေရိကန်နှင့် ၄င်း၏ မဟာမိတ် နိုင်ငံများမှ တပ်ဖွဲ့ဝင် ၂ဝဝဝ ခန့်သည် ကာတာ၊ အာရပ် စော်ဘွားများ ပြည်ထောင်စုနှင့် ဘာရိန်း နိုင်ငံများရှိ စစ်ရေး လေ့ကျင့်မည့် နေရာများသို့ ဧပြီ ၂၆ ရက်က ရောက်ရှိ လာခဲ့ကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ်က ပြောကြားခဲ့သည်။
အဆိုပါ စစ်ရေး လေ့ကျင့်မှု၌ ပင်လယ်ကွေ့ ပူးပေါင်း ဆောင်ရွက်ရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံများမှ တပ်ဖွဲ့ဝင်များလည်း ပါဝင်မည် ဖြစ်သည်။ ၄င်းစစ်ရေး လေ့ကျင့်မှုသည် ပင်လယ် ဓားပြစီးနင်း ဝင်ရောက်တိုက်ခိုက်မှု၊ အဆိပ်အတောက် ဖြစ်စေသော ဓာတုပစ္စည်း ယိုစိမ့်မှုနှင့် ရေဒီယို သတ္တိကြွ ဓာတ်ရောင်ခြည် ယိုစိမ့်မှုများ အပါအဝင် အရေးပေါ် အခြေအနေ အမျိုးမျိုး ကို ကိုင်တွယ် ဖြေ ရှင်းနိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။
ဆီးရီးယား အစိုးရသည် အတိုက်အခံ အဖွဲ့များကို တိုက်ခိုက် ချေမှုန်းရာတွင် ဓာတု လက်နက်များ အသုံးပြုနိုင်ဖွယ် ရှိသည်ဟူသော စွပ်စွဲချက်များ ထွက်ပေါ်နေသည့် ကြားမှ အဆိုပါ စစ်ရေး လေ့ကျင့်မှုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ၄င်းစစ်ရေး လေ့ကျင့်မှုကို လွန်ခဲ့သော တစ်နှစ်ခွဲခန့်က စီစဉ်ခဲ့ခြင်း ဖြစ်ပြီး အရှေ့အလယ်ပိုင်း ဒေသရှိ ၄င်းတို့၏ မဟာမိတ် နိုင်ငံများ အပေါ် စစ်ရေး အရ အကူအညီ ပေးသွားမည်ဟု အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန၏ ကတိကဝတ်ကို ထင်ဟပ် ပေါ်လွင်စေရန် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန် ဗဟို စစ်ဌာန ချုပ်က ပြောကြားခဲ့သည်။
From-မြ၀တီ
This Site Link >> http://www.fullpremiumnowfree.com/2013/05/globalnews5613.html