(၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလအတွင်းက အစိုးရနှင့် DKBA တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် နေရပ်ကို စွန့်ခွာလာသော ပြည်သူများ) (ဓာတ်ပုံ-burmapartnership. |
ဟက်ကြီးရေကာတာ စီမံကိန်းကို အကြောင်းပြုပြီး စီမံကိန်း ဧရိယာအတွင်း၌ ရှိနေသော တိုးတက်သော ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော် (DKBA) ၏ တပ်စခန်းများကို မေလ ၄ ရက်နေ့ နောက်ဆုံးထားပြီး ရွှေ့ပြောင်းပေးရန် တပ်မတော်မှ အကြောင်းကြားခဲ့ပြီးနောက် တပ်မတော်နှင့် DKBA တို့ တင်းမာမှု ဖြစ်ပေါ်နေပါသည်။
"မေလ ၄ ရက်နေ့ မွန်းတည့် ၁၂ နာရီ နောက်ဆုံးထားပြီး ကျုံထော်နဲ့ မီးဇိုင်းမှာ နေထိုင်နေတဲ့ တပ်ဖွဲ့ဝင်တွေကို ဆုတ်ပေးဖို့ ကြေးနန်းပို့လာတယ်။ ကျွန်တော်တို့ ထပ်ပြီးတော့ မဆုတ်ပေးနိုင်တော့ဘူး။ မြိုင်ကြီးငူကနေ ဖယ်ခိုင်းလို့ ဖယ်ပေးခဲ့ရပြီးပြီ။ အခု ဒီနေရာကလည်း မြိုင်ကြီးငူကဆုတ်ပြီး အစိုးရကပေးထားတဲ့ နေရာ။ ဒီနေရာက ထပ်ဆုတ်ရင် ယိုးဒယားကို ရောက်သွားဖို့ပဲ ရှိတယ်" ဟု DKBA အရာရှိတစ်ဦးက Eleven Media Group သို့ ပြောပါသည်။
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် အတွင်းရှိ ကျုံထော်နှင့် မီးဇိုင်းဒေသများရှိ DKBA တပ်စခန်းများကို ရွေ့ပြောင်းပေးရန် အရှေ့တောင်တိုင်း တိုင်းမှူးမှတစ်ဆင့် တပ်မ (၂၂) တပ်မမှူးကို ညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုကြေးနန်းစာကို မေလ ၂ ရက်နေ့က လက်ခံရရှိခဲ့ပြီး ဟပ်ကြီးရေကာတာ စီမံကိန်း ဧရိယာအတွင်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရန်အတွက် ရွေ့ပြောင်းပေးရန် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုကိစ္စရပ်သည် ဧပြီလ ၂၇ ရက်နှင့် ၂၈ ရက်နေ့များက ယခင် DKBA တပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသော နယ်ခြားစောင့်တပ် (BGF) နှင့် DKBA ခွဲထွက် ဗိုလ်ချုပ် စောလားပွယ် ဦးဆောင်သော တိုးတက်သော ဒီမိုကရေစီ အကျိုးပြု တပ်မတော် DKBA တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
"နယ်ခြားစောင့်တပ်နဲ့ ဧပြီ ၂၇၊ ၂၈ မှာ တိုက်ပွဲ ဖြစ်တယ်။ ၂၉ ရက်နေ့မှာ သွားပြီးညှိတယ်။ ၃၀ ရက်နေ့မှာ ဆက်ပြီးညှိတယ်။ သိမ်းထားတဲ့ လက်နက်တွေကို ပြန်ပေးပြီး အဆင်ပြေသွားတယ်။
အဆင်ပြေပြီးမှ တပ်တွေဆုတ်ပေးဖို့ တပ်မတော်က အခုလို အကြောင်းကြားလာခဲ့တာပါ" ဟု DKBA အရာရှိက ပြောသည်။
ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ခွဲထွက်လာခဲ့ပြီး ၁၉၉၄ ခုနှစ် ဒီဇင်ဘာလအတွင်း စတင်ပေါ်ပေါက်လာခဲ့သည့် DKBA (ဗုဒ္ဓဘာသာ ကရင်အမျိုးသား အစည်းအရုံး) သည် လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ ဖြစ်ပါသည်။ DKBA ဖွဲ့စည်းပြီးနောက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့် တည်ဆောက်ရေးအဖွဲ့က DKBA ၏ အခြေစိုက် စခန်းကို မြိုင်ကြီးငူ အထူးဒေသအဖြစ် သတ်မှတ်ပေးခဲ့သည်။ မြိုင်ကြီးငူ ဆရာတော်ကို နာယကထားပြီး ဖွဲ့စည်းခဲ့သော DKBA ကို ဥက္ကဋ္ဌအဖြစ် ဦးသာထူးကျော်က ဦးဆောင်ခဲ့ကာ အဖွဲ့ဝင်များဖြစ်သည့် ဦးသာထူးကျော်၊ ဦးရွှေတင်ဦး၊ မန်းဘညွန့်ဖေ၊ ဦးစိန်လှိုင်နှင့် မန်းစိန်ထွန်းတို့သည် အမျိုးသား ညီလာခံသို့ ကိုယ်စားလှယ်များအဖြစ် တက်ရောက်ခဲ့ကြသည်။
၁၉၉၅ ခုနှစ်ဇန်န၀ါရီလက KNU ၏ မာနယ်ပလော ဋ္ဌာနချုပ်ကို သိမ်းယူရာ၌ တပ်မတော်အနေဖြင့် DKBA ၏ အကူအညီကို ရယူခဲ့သည့်နည်းတူ ထိုအချိန်နောက်ပိုင်း KNU တပ်စခန်းအချို့ကို တိုက်ခိုက်ရာ၌ DKBA က ရှေ့တန်းမှ ပါဝင်ခဲ့သည်။
၂၀၁၀ ပြည့်နှစ်တွင် DKBA (မူလအဖွဲ့ ဗုဒ္ဓဘာသာ ကရင်အမျိုးသား အစည်းအရုံး၊ ယခုနယ်ခြားစောင့်တပ်) ထံမှ DKBA တပ်မဟာ-၅ ခေါင်းဆောင် ဗိုလ်ချုပ် စောလားပွယ် (ခေါ်) ဗိုလ်နှုတ်ခမ်းမွှေး ဦးဆောင်သော အဖွဲ့က ခွဲထွက်ခဲ့ပြီး DKBA (တိုးတက်သော ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော်ကို) ကို ထူထောင်လိုက်ပါသည်။ အဆိုပါ အဖွဲ့၏ ဋ္ဌာနချုပ်မှာ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ဆုံဆည်းမြိုင်ဒေသဖြစ်ပြီး ဘုရားသုံးဆူ၊ လှိုင်းဘွဲ့၊ ကြာအင်းဆိပ်ကြီး မြို့နယ်နှင့် မာနယ်ပလော (ယခင် KNU ဌာနချုပ်) များတွင် လှုပ်ရှားခဲ့ပါသည်။
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကာလက ဗိုလ်ချုပ်စောလားပွယ်၏ DKBA တပ်များနှင့် အစိုးရတပ်တို့အကြား မြ၀တီမြို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် အပစ်အခတ် ရပ်စဲရေး ရရှိခဲ့သည်။ ထို့နောက် ဆုံဆည်းမြိုင်ဒေသတွင် DKBA ကို ယာယီနေရာ ချထားခွင့်ပြုခဲ့ပြီး ယခင် DKBA တပ်များက နယ်ခြားစောင့်တပ် အသွင်ပြောင်း၍ ဆက်လက်လှုပ်ရှားခဲ့ပါသည်။
ယခုနှစ်ပိုင်းများအတွင်း DKBA နှင့် နယ်ခြားစောင့်တပ်တို့အကြား တိုက်ပွဲဖြစ်မှုများ ရှိခဲ့ပြီး ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နှင့် ၂၈ ရက်နေ့များက လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူဒေသရှိ လောပူ၊ မဲဆိပ်၊ မီးဇိုင်း၊ ထီးကနဲ ကျေးရွာများတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။
ဗိုလ်ချုပ်စောလားပွယ်၏ DKBA တပ်မဟာ-၅ တွင် အင်အား ၁၅၀၀ ကျော်ခန့် ရှိနေပြီး ဧပြီလ နောက်ဆုံးပတ်အတွင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် နယ်ခြားစောင့်တပ်ထံမှ လက်နက် ၄၀ ခန့်ကို သိမ်းဆည်းရယူခဲ့ရာမှ တင်းမာမှုများလည်း ဖြစ်ပေါ်ခဲ့ပါသည်။
အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၏ ညွှန်ကြားချက်ဖြင့် ရောက်ရှိလာသော နယ်မြေရွှေ့ပြောင်းပေးရန် ညွှန်ကြားချက်သည် နယ်ခြားစောင့်တပ်နှင့် ဖြစ်ပွားသော တိုက်ပွဲများကြောင့် မဟုတ်ဘဲ တရုတ်၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်ရန် သဘောတူထားသည့် ဟက်ကြီးရေကာတာ စီမံကိန်းကြောင့် ဖြစ်ကြောင်း DKBA မှ ပြောဆိုခဲ့ပါသည်။
"သူတို့ ရွှေ့ခိုင်းတဲ့ အကြောင်းက ဟက်ကြီးရေကာတာ စီမံကိန်း ဧရိယာအတွင်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်ဖို့ဆိုတဲ့အတွက် စီမံကိန်းကို သဘောမတူတဲ့ ကျွန်တော်ကို ရှင်းထုတ်မယ်ဆိုတဲ့ သဘောပဲဖြစ်ပါတယ်" ဟု DKBA အရာရှိက ပြောသည်။
တပ်မတော် အနေဖြင့် လှိုင်းဘွဲ့မြို့နယ် ကျုံထော်နှင့် မီးဇိုင်းဒေသရှိ တပ်စခန်းများကို မြိုင်ကြီးငူဒေသရှိ မယ်ပနှင့် မဲကဆော်ရှိ တပ်စခန်းနေရာများသို့ ရွှေ့ပြောင်းခိုင်းခြင်း ဖြစ်နိုင်ကြောင်း သိရသည်။
"ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ တပ်စခန်းတွေကို လုံးဝ မပြောင်းနိုင်သလို ဟက်ကြီးရေကာတာ စီမံကိန်းကိုလည်း လက်ခံမှာ မဟုတ်ပါဘူး။ ဘာကြောင့် လက်မခံလဲဆိုတာက ဒီစီမံကိန်းကို ပြည်သူလူထုကလည်း လက်မခံဘူး။ သဘာဝပတ်ဝန်းကျင် အရလည်း လက်ခံနိုင်ဖွယ် မရှိဘူး။ အထူးသဖြင့် လူထုက လက်မခံတဲ့အတွက် ကျွန်တော်တို့လည်း လက်မခံနိုင်ပါဘူး" ဟု DKBA အရာရှိက ပြောပါသည်။
သံလွင်မြစ်နှင့် သောင်းရင်းမြစ်ဆုံ အောက်ဘက် ၂၉ မိုင်အကွာတွင် ရှိပြီး လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၃၆၀ ထွက်ရှိမည့် ဟက်ကြီးရေကာတာ ရေအားလျှပ်စစ် စီမံကိန်းကို တရုတ်နိုင်ငံမှ Sinohydro ကုမ္ပဏီ အပါအ၀င် ကုမ္ပဏီငါးခု၊ ထိုင်းနိုင်ငံ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း (EGAT) တို့နှင့် မြန်မာနိုင်ငံမှ Goldwater Resources Ltd,.၊ International Group of Entrepreneurs Co.,Ltd.(IGE)၊ ရွှေတောင် ကုမ္ပဏီတို့ လုပ်ငန်းဆောင်ရွက်ကြမည် ဖြစ်ပါသည်။
ကမ္ဘာ့အရှည်ဆုံး မြစ်များစာရင်းတွင် တစ်ခုအပါအ၀င်ဖြစ်သော သံလွင်မြစ်ကို ၂၀၁၃ ခုနှစ်က ကမ္ဘာ့အမွေအနှစ် ယဉ်ကျေးမှု ရှုခင်းအဖြစ် ယူနက်စကိုမှ သတ်မှတ်ထားပြီး ရေကာတာတစ်ခုမျှ မရှိသေးသည့် မြစ်တစ်စင်း ဖြစ်ပါသည်။ သံလွင်မြစ်ပေါ်တွင် ရေကာတာ တည်ဆောက်မည့် စီမံကိန်းအတွက် EIA/SIA လုပ်ငန်းများ ဆောင်ရွက်ဆဲ အဆင့်မှာပင် ထိုစီမံကိန်းကို ဒေသခံများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အချို့က ကန့်ကွက်မှုများ ရှိခဲ့ပြီး ထိုဒေသတွင် လှုပ်ရှားနေသော DKBA အဖွဲ့ကလည်း ဒေသခံများ၏ ဆန္ဒအတိုင်း စီမံကိန်းကို လက်မခံခဲ့ပေ။
လက်ရှိအချိန်တွင် ဟက်ကြီးရေကာတာ စီမံကိန်းအတွက် အကြိုလုပ်ငန်းများ လုပ်ဆောင်ရန် အစိုးရမှ ပြင်ဆင်နေပြီး ထိုသို့ လုပ်ဆောင်နိုင်ရန်အတွက် စီမံကိန်း ဧရိယာအတွင်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရန် DKBA တပ်များအား ရွှေ့ပြောင်းခိုင်းခြင်း ဖြစ်ပါသည်။
"ကျွန်တော်တို့ကတော့ ငြိမ်းချမ်းရေးကို လိုလားတယ်။ ကျွန်တော်တို့ဘက်ကစပြီး ငြိမ်းချမ်းရေး ပျက်ယွင်းအောင် လုပ်ဆောင်ဖို့ မရှိဘူး။ အခုကိစ္စမှာလည်း ကျွန်တော်တို့ဘက်က စစ်ပြင်ဆင်ထားတာ မရှိဘူး။ သူတို့ဘက်ကလည်း တပ်အင်အား တိုးထားတာကလွဲပြီး လှုပ်ရှားလာတာမျိုး မရှိသေးပါဘူး" ဟု DKBA အရာရှိက မေလ ၄ ရက်နေ့ ညနေပိုင်းတွင် ပြောသည်။
သို့သော် ဗိုလ်ချုပ် စောလားပွယ်၏ DKBA တပ်များကို တပ်မတော်မှ ထိုးစစ်ဆင်ပြီး ဖယ်ရှားမည်ဆိုပါက KNU/ KNLA အနေဖြင့် လက်ပိုက်ကြည့်နေမည် မဟုတ်ကြောင်း KNU/ KNLA ငြိမ်းချမ်းရေး ကောင်စီမှ ဗိုလ်မှူးကြီး စောအဲကောထူး (တိုက်ဂါး) က ပြောကြားခဲ့သည်ဟု DKBA အရာရှိက ပြောပါသည်။
၂၀၁၁ ခုနှစ်အတွင်းက မြစ်ဆုံစီမံကိန်း၏ ရှေ့ပြေးတစ်ခုဖြစ်သော တာပိန်ရေအားလျှပ်စစ် စီမံကိန်း လုံခြုံရေးကို အကြောင်းပြုပြီး ထိုဒေသတွင် လှုပ်ရှားနေသော ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်များကို တပ်မတော်မှ ထိုးစစ်ဆင်ခဲ့ပါသည်။ ထို့နောက် ကချင်ပြည်နယ် တစ်ခုလုံးရှိ KIA တပ်များအား တစ်နှစ်ကျော်ကြာ ဆက်လက်ထိုးစစ်ဆင်ခဲ့သည့် ဖြစ်ရပ်မျိုး ဒုတိယအကြိမ် ပေါ်ပေါက်လာမည်ဆိုပါက မြန်မာနိုင်ငံ၏ တိုင်းရင်းသား စည်းလုံးညီညွတ်မှုနှင့် ဒီမိုကရေစီ ဖော်ဆောင်မှုမှာလည်း ခိုင်မာမှုမရှိသော အခြေအနေ ဖြစ်လာနိုင်ပါသည်။
Original - Eleven Media Group