ဂျာကာတာရှိ မြန်မာသံရုံးကို ဗုံးဖောက်ရန်ကြံစည်သူများအဖြစ် သံသယရှိသူ ၅ ဦးကို အမှုအတွက် သက်သေတွေအဖြစ်သာ လက်ခံယူဆလိုက်ပြီး သူတို့ကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်။
ဗုံးဖောက်ရန်ကြံစည်မှုအတွက် သံသယရှိသူ ဆီဂစ်အင်ဒရာဂျစ်ရဲ့ မိသားစုဝင်ဖြစ်တဲ့ ဇနီး၊ မိခင်၊ မောင်နှမတော်သူတသီးနဲ့ ယောက်ဖတို့ကို
ပြန်လွှတ်ပေးလိုက်သလို သံသယရှိသူ နောက်တဦးရဲ့ ဇနီးကိုလည်း လွှတ်ပေးလိုက်ကြောင်း နိုင်ငံတော်ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က တနင်္လာနေ့က ပြောပါတယ်။
သံသယရှိသူ အသက် ၂၃ နှစ်ရှိ ဆီဂစ်အင်ဒရာဂျစ်ကတော့ ထွက်ပြေး တိမ်းရှောင်နေဆဲဖြစ်ပါတယ်။
နောက် သံသယရှိသူ၂ ဦးဖြစ်တဲ့ အသက် ၂၂ နှစ် စီရှိကြတဲ့ ဆေဖာနှင့် အာမက်တော်ဖစ်တို့ကိုတော့ ကြာသပတေးနေ့က ဂျာကာတာတောင်ပိုင်း လူစည်ကားရာနေရာမှာ ဆိုင်ကယ်နဲ့ သွားနေစဉ်မှာ ဖမ်းမိခဲ့တာပါ။ သူတို့နဲ့အတူ ဆင်ပြီးသား ဗုံး ၅လုံးကို သိမ်းဆည်းရမိပါတယ်။ မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေအတွက် လက်တုန့်ပြန်တာလို့ ဆိုပါတယ်။
ထွက်ပြေးလွတ်မြောက်နေဆဲ ဆီဂစ်အင်ဒရာဂျစ်ရဲ့ လှုပ်ရှားမှုကို ရဲထောက်လှမ်းရေးတွေက နဂိုကတည်းက စောင့်ကြည့်နေခဲ့လို့ ဗုံးဖောက်ခွဲမယ့် အစီအစဉ်ကို အောင်မြင်စွာ တားဆီးနိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ ဒါပေမဲ့ အခု ဗုံးဖောက်ဖို့ ကြံစည်သူတွေဟာ ငယ်ရွယ်သူတွေ ဖြစ်တာကြောင့် ဒါဟာ အကြမ်းဖက်အဖွဲ့က လူသစ် စုဆောင်းနေတဲ့ လုပ်ရပ် ဆက်လက်ဖြစ်ပေါ်နေတယ် ဆိုတာကို
ပြလိုက်တာဖြစ်ပြီး အာဏာပိုင်တွေက ဒီဖြစ်ရပ်ကို ပိတ်ပင်တားဆီးဖို့ ပျက်ကွက်ခဲ့တယ်လို့ လွှတ်တော်အမတ်တွေက ဝေဖန်ကြပါတယ်။
ဒီအတွက်လည်း အလွန်တုန်လှုပ်မိကြောင်း People's Consultative Assembly ဂေါလ်ကာပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Hajriyanto Thohari က ပြောပါတယ်။
နိုင်ငံတော် အကြမ်းဖက်သမား တုန့်ပြန်ရေးရဲတပ်ဖွဲ့ Densus 88 ဟာ အကြမ်းဖက်သမားတွေကို ဖမ်းဆီးနှိမ်နှင်းရာမှာအောင်မြင်ပေမဲ့ အကြမ်းဖက်သမား မျိုးဆက်သစ်တွေ ပေါ်ထွက်မလာရေး ဟန့်တားရာမှာတော့ အောင်မြင်မှု မရှိဘူးလို့ သူက ဝေဖန်လိုက်ပါတယ်။ ကြိုတင်ကာကွယ်ရေး စီစဉ်ရာမှာ ဘာသာရေးဆိုင်ရာ ကျွမ်းကျင်သူများနှင့် အကြမ်းဖက်သမား ဆန့်ကျင်ရေး လှုပ်ရှားသူများကိုလည်း ပူးပေါင်း ပါဝင်လုပ်ကိုင်စေသင့်တယ်လို့ Hajriyanto Thohari က အကြံပေးလိုက်ပါတယ်။
မြန်မာသံရုံးကို ပြီးခဲ့သည့် သောကြာနေ့က ဗုံးဖောက်ခွဲဖို့ ကြံစည်ခဲ့တာ
ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ မြန်မာသံရုံးကို အထူးလုံခြုံရေး ချမှတ်ထားခြင်း မရှိတော့ကြောင်း ဂျာကာတာရဲတပ်ဖွဲ့
ပြောခွင့်ရသူက ပြောပါတယ်။
ခင်မေဇော် (Burma-Newselite)