အမေရိကနှင့် စာကြည့်တိုက်




အမေရိကနှင့် စာကြည့်တိုက် {(ဘုန်းဝေညွန့်လူ)}

အမေရိကတွင် ကြည့်စရာရှုစရာ များပြားလှသည့် အထဲတွင် ကျွန်တော့် စိတ်အာရုံကို ညှို့ငင်မိသည်က ကျွန်တော့်ငယ်ချစ် စာကြည့်တိုက်များ။
စာကြည့်တိုက်ကြီးတစ်ခုနှင့် ငယ်စဉ်က ကံကောင်းထောက်မစွာ အပေါင်းအသင်းဖြစ်ခဲ့ပြီး စာအုပ်စာပေ အများအပြားကို စိတ်တိုင်းကျ ဖတ်ရှုလေ့လာခွင့် ရခဲ့ကတည်းက စာကြည့်တိုက်များကို စွဲလမ်းသွားခဲ့သည်။ ယခုလည်း အမေရိက၏ အုပ်ချုပ်ရေးကို လေ့လာရန် သွားရောက်ခဲ့သည့် ခရီးတွင် စာကြည့်တိုက်များကို တစ်ချက်ခုတ် နှစ်ချက် ပြတ် သတိထားလေ့လာမိသည်။

ယခင်တစ်ပတ် ဆောင်းပါးတွင် ပြောဖူးသည့် သူငယ်ချင်း အစ်မကြီးနှင့် ကျွန်တော် စာကြည့်တိုက်ကိစ္စတွင်လည်း ဓာတ်တည့်ကြသည်။ ကျွန်တော်က စာအုပ်နှင့် စာကြည့်တိုက် ဝါသနာပါသလို သူကလည်း စာကြည့်တိုက်၊ စာအုပ်ဆိုင်တို့ကို မွှေချင်နှောက်ချင်သည်။ မြို့တွေ ရောက်လျှင် စာကြည့်တိုက်ကို ကျွန်တော်တို့ နှစ်ယောက် အမြဲလိုလို ရှာဖွေသည်၊ ဝင်ရောက်ကြည့်ရှုကြသည်။ သူက ပြည်သူ့အုပ်ချုပ်ရေး အထူးပြု ဥပဒေပါမောက္ခ ဖြစ်တာ ကျွန်တော်ကသိတော့ စာအုပ်တွေ လိုက်ရှာ ဖတ်ရင်း သူဖတ်ဖို့ ဥပဒေစာအုပ်တွေ တွေ့လျှင် ဆွဲထုတ် ပေးသည်။ သူကလည်း လှန်ကြည့် ဖတ်ကြည့်နှင့် အရုပ်ဆိုင် ကြီးကြီးထဲ ရောက်သွားသည့် ကလေးငယ်လို အူမြူး နေသည်။ ကျွန်တော် ရှာပေးသည့် ဥပဒေစာအုပ်အချို့ သူ့ကျောင်းတွင်ပင် မရှိကြောင်း ပြောပြတော့ ရုတ်တရက် အံ့သြရသေးသည်။ တရုတ်မြို့ကြီးက ကျောင်းကြီး တစ်ကျောင်းက အထူးပြုစာကြည့်တိုက်မှာ မရှိတဲ့ ဘာသာရပ်ဆိုင်ရာစာအုပ် အမေရိကန် တောမြို့လေးက သာမန်စာကြည့်တိုက်မှာ ရသည်ဆိုတော့ အမေရိကန်နိုင်ငံ၏ အဆင့်အတန်းကို သဘောပေါက်နိုင်သည်။ စာအုပ်စင်ကြီးများကို ကြည့်ရင်း၊ စာအုပ်နာမည်များကို ကြည့်ရင်း စာမြည်းရင်း သြော်၊ အမေရိကန်နိုင်ငံသားတွေ ကံကောင်းလှပါလားဟု အားကျမိသည်။ ဒီလိုမျိုး စာကြည့်တိုက်တွေ ရှိနေတော့ ဘာသိချင်သိချင် အလွယ်တကူ ရှာလိုက်ရုံပင်။ အင်တာနက်၊ ကွန်ပျူတာ တွေလည်း အဆင်သင့်ထားပေးသည်။ ကလေးများ အတွက် စာအုပ်စင်တန်း ဆိုလည်း မြင်ရသည်နှင့် ဝင်ချင်စရာ၊ လှလှပပ။ ကလေးများ အကြိုက် အရောင် များ၊ စာတန်းများ၊ ဒီဇိုင်းအမျိုးမျိုးဖြင့် အလှဆင် ထားသည်။ ငယ်စဉ်ကတည်းက စာကြည့်တိုက်သို့ လာချင်အောင် ဖန်တီးပေးရင်းဖြင့် စာကြည့်တိုက်ကို စွဲလမ်းသွားအောင် ဆွဲဆောင်ထားခြင်း။ ထိုကလေးငယ် စာကြည့်တိုက်ကို ချစ်သွားလျှင် စာကြည့်တိုက်မှ ပညာ ရှာတတ်သည့် အကျင့်လည်းရသွားပြီး ဘဝတစ်သက်စာ အကျင့်ကောင်း စွဲကပ်သွားမည်။

စာကြည့်တိုက်မှ ပညာ ရှာတတ်သူ နိုင်ငံသားများ ပေါင်းစည်းထားသည့် နိုင်ငံ သည် လူသားရင်းမြစ် ကြွယ်ဝသည့် နိုင်ငံဖြစ်လာရန် မခဲယဉ်းတော့။ စစ်ရေး၊ စီးပွားရေးတွင် မဟာ အင်အားကြီးနိုင်ငံဖြစ်သော အမေရိကသည် ပညာအရ လည်း မဟာအင်အားကြီးဖြစ်ပြီး အထူးချွန်ဆုံး၊ အထက်မြက်ဆုံး လူသားရင်းမြစ်များ မွေးထုတ်ပေးရာ၊ ပျိုးထောင်ရာ၊ ကြီးပြင်းရာ ဖြစ်နေခြင်းမှာ အမေရိကတွင် စာကြည့်တိုက်များ ဖွံ့ဖြိုးခြင်း၊ စာကြည့်တိုက်ယဉ်ကျေးမှု ထွန်းကားခြင်းနှင့် တိုက်ရိုက်သက်ဆိုင်နေသည်။

အမေရိက စာကြည့်တိုက်များတွင် မထားလို တော့သည့် စာအုပ်ဟောင်းများကို ဈေးလျှော့ ရောင်း ပေးသောကြောင့် မွှေနိုင်နှောက်နိုင်လျှင် စာအုပ်ကောင်း များကို နှစ်ပြားတစ်ပဲဈေးဖြင့် ရနိုင်သည်။ လျှော့ဈေး စာအုပ်များဟု သီးသန့်စားပွဲ၊ စင်တို့နှင့် တင်ထားပေး သလို စာကြည့်တိုက်ကြီးလျှင် စာအုပ်များ လျှော့ဈေး ဖြင့် ရောင်းသည့်ဌာန သက်သက်ပင် ဖွင့်ထားပေးသည်။ မူရင်းဈေး၏ ထက်ဝက်၊ သုံးပုံနှစ်ပုံ လျှော့ဈေး စာအုပ် များအပြင် တစ်ဒေါ်လာ၊ နှစ်ဒေါ်လာဖြင့် ရနိုင်သည့် စာအုပ်ကောင်း များလည်း တွေ့ရသည်။ အမေရိက မရောက်ခင် လွန်ခဲ့သော တစ်လခန့်က စင်ကာပူတွင် လျှော့ဈေးဖြင့်ပင် ၂၅ ဒေါ်လာဖြင့် ဝယ်ခဲ့သည့် Kishore Mahbubani ၏ The New Asian Hemisphere: The Irresistible Shift of Global Power to the East စာအုပ်ကိုပင် သုံးဒေါ်လာလောက်ဖြင့်ရတော့ ဝမ်းသာအားရ ထပ်ဝယ်လိုက်သေးသည်။ Kishore Mahbubani က အာရှသားတွေထဲမှာ ရှားရှားပါးပါး ကမ္ဘာ့အဆင့် စာအုပ်များရေးနိုင်သူ၊ ကမ္ဘာ့အဆင့် အိုင်ဒီယာများ ထုတ်နိုင်သူ။ Can Asians think? “အာရှသားတွေ စဉ်းစားနိုင်သလား” ဆောင်းပါး၊ နောက်ပိုင်းတွင် အမည်တူစာအုပ်ဖြင့် နာမည်ကြီး ခဲ့သည်။ သူ့စာအုပ်ကို ဝါသနာတူ မိတ်ဆွေတို့ကို လက်ဆောင်ပေးရမည်။

New Mexico ပြည်နယ်မှ Santa Fe ဆိုသည့် မြို့လေးမှ စာကြည့်တိုက်ကို ညနေစောင်းချိန် မှတ်မှတ် ရရရောက်သွားတော့ စာအုပ်အဟောင်းရောင်းသည့် ဆိုင်လေးက ပိတ်သွားပြီ။ စာအုပ်အနှောင့်တွင် ရေးထိုးထားသည့် စာအုပ်နာမည်များကို အပြင်က လှမ်းဖတ်ကြည့်တော့ စာအုပ်ကောင်းများကို လှမ်းမြင်ရသည်။ နောက်နေ့မှလာမည် တေးထားပြီး တကယ်တမ်း မရောက်ရောက်အောင် သွားခဲ့တော့ အားထုတ်ရကျိုး နပ်လောက်အောင် စာအုပ်ကောင်းများ ဈေးချိုချိုနှင့် ရခဲ့သည်။ အပြင်ထွက်ပြီး ပြန်လာတိုင်း စာအုပ်အဟောင်း တချို့ ပါလာတတ်သည့် စာကြည့်တိုက်တွေ့လျှင် ချန်ရစ် နေခဲ့တတ်သည့် ကျွန်တော့်ကို မြန်မာနိုင်ငံထက် ခေတ်မီတိုးတက်သည့် နိုင်ငံတွေ ထိုင်ဝမ်၊ မလေးရှားက လာသည့် သူငယ်ချင်းတွေက ပထမတော့ နားလည်ပုံ မရ။ သူတို့ဆီတွင် နိုင်ငံတကာ စာအုပ်စာတမ်းတွေ အလွယ်ဝယ်ရနိုင်သည်။ ကျွန်တော်တို့ထံတွင် မလွယ်။ ပညာရပ်ဆိုင်ရာ စာအုပ်စာတမ်း ဆိုလျှင် ပိုပြီးပင်ရှားပါး သေးသည်ဆိုတော့ စာကြည့် တိုက်ကောင်းကောင်းနှင့် တွေ့လျှင် “စူဠလိပ်၊ ရေထဲချ” ဖတ်သည်၊ မြည်းသည်။ စာအုပ်ကောင်းများ ဈေးပေါပေါလောလောနှင့် ရလျှင် လက်လွတ်မခံနိုင်။ ဟိုစာအုပ်လည်းလိုချင်၊ သည်စာအုပ် လည်းမထားခဲ့နိုင်။ နောက်ပိုင်းတော့ ကျွန်တော့်ဝါသနာ ကို သူတို့သိသွားပြီး စာအုပ်ချစ်သူအဖြစ် ကျွန်တော့်ကို အသိအမှတ်ပြု လာကြကာ “မင်းဒီနေ့ ဘာစာအုပ်ရ သေးလဲ” က ကျွန်တော်နှင့်တွေ့လျှင် နှုတ်ဆက်သည့် စကား ဖြစ်လာသည်။ တစ်နေရာတွင် စာအုပ်ဆိုင်တွေ့ လျှင် “ဟိုလမ်းထောင့်မှာ စာအုပ်အဟောင်းဆိုင် တစ်ဆိုင်တွေ့ခဲ့တယ်” ဟု လမ်းညွှန်ခြင်းဖြင့်လည်း ကျွန်တော့် ဝါသနာကို ကူညီကြသည်။

တွေ့သည့်စာကြည့်တိုက် တိုင်းတွင် စာအုပ် ကောင်းဟောင်းများကို လိုက်ရှာပြီး ကျွန်တော်စုသည်။ မြန်မာပြည်သို့ ပြန်သယ်သွားရန်။ ဓာတ်ပုံစာအုပ်လို မျိုးက မယုံနိုင်လောက်အောင် ဈေးသက်သာလှသလို သိမ်းထားချင်စရာ ကောင်းလှသော်လည်း အလေးချိန် စီးလှသောကြောင့် အကြိမ်ကြိမ်အခါခါ ကိုင်ကြည့်လိုက် ချထားလိုက်လုပ်ပြီး နောက်ဆုံး ထားခဲ့ရသည်ချည်း။ လေယာဉ်အတန်တန် စီးပြီးမှ ဌာနီသို့ ပြန်ရောက်မည် ဆိုတော့ လိုချင်စိတ်နှင့် စာအုပ်အလေးချိန်ကို အမြဲ ချိန်ဆပြီးမှ ဝယ်ရသည်။ မက်မောစရာလည်းကောင်း၊ ဈေးလည်းသက်သာသည့် စာအုပ်များကျတော့ ချက်ချင်း လက်ငင်း မျက်စိမှိတ် ဝယ်ပစ်လိုက်သည်။ နောက်ဆုံး လေယာဉ်ဆင်းသည့် အချိန်ကျမှ ကုန်ချိန်ပိုလျှင် ချန်ထား ခဲ့မည်ဟူသော အကြံအစည်နှင့်။ တကယ်တမ်းပြန်ရတော့ မည့်အချိန်တွင် သံယောဇဉ်ကမပြတ်။ အခြားပစ္စည်း များကို လျှော့နိုင်သလောက် လျှော့ပြီး စာအုပ်များကို ရနိုင်သလောက်ရအောင် သယ်ကာပြန်လာခဲ့သည်။

မြန်မာနိုင်ငံပြန်ရောက်သည့် အခါတွင် အမေရိကန် သံရုံးမှသက်ဆိုင်ရာ တာဝန်ခံသံအရာရှိနှင့် ပြန်တွေ့ပြီး ထုံးစံအတိုင်း ခရီးစဉ်အကြောင်း စကားစမြည်ပြောရသည်။ သူက အမေရိကန်တွင် မှတ်မှတ်ရရ ဖြစ်သည့် အရာတွေ များ ရှိခဲ့သလား မေးတော့ “ရှိပါသည်။ စာကြည့်တိုက် များပါ” ဟု ဖြေမိရက်သား ဖြစ်သွားသည်။ တကယ့် တကယ်လည်း အမေရိကမှ စာကြည့်တိုက်များကို ယခုထက်ထိ သတိရနေဆဲ။ မြန်မာနိုင်ငံတွင်လည်း ထိုသို့သော စာကြည့်တိုက်များ တည်ထောင်နိုင်လျှင် ကောင်းမှာပဲဟု တောင့်တနေမိသည်။ မြန်မာနိုင်ငံတွင် စာကြည့်တိုက်များ တိုးတက်ရန် ကြိုးစားနေသူများ၊ အဖွဲ့အစည်းများ ရှိနေသော်လည်း လှူနိုင်တန်းနိုင်သူများ အပါအဝင် အများပြည်သူတို့ ယခုထက် အလုံးအရင်းနှင့် ပူးပေါင်းပါဝင်မလာဘဲနှင့် အောင်မြင်ရန်မဖြစ်နိုင်ပါ။

စာကြည့်တိုက်များကို အရေအတွက်ရော၊ အရည်အသွေးပါ တိုးတက်လာအောင် ကြိုးစားနေချိန် တွင် ရှိနေသော စာကြည့်တိုက်များကိုလည်း ယခုထက် ပိုပြီး အသုံးချတတ်အောင်၊ တစ်ခုခုသိလိုလျှင် စာကြည့် တိုက်သို့ သွားပြီး ရှာဖွေသည့် “စာကြည့်တိုက် ယဉ်ကျေးမှု” ပြန့်ပွားလာအောင် ဆောင်ရွက်ရဦးမည်။ တစ်ချိန်တည်း တွင် ချို့ငဲ့နေသည့် စာကြည့်တိုက်များသို့ လှူလိုတန်းလို သူ ပြည်တွင်းပြည်ပ မရွေး စေတနာရှင်များအား လှူနိုင်တန်းနိုင်အောင် စီစဉ်ပေးသင့်သည်။ လှူချင်သူက လှူချင်လျက်နှင့် လက်မခံနိုင်သော စာကြည့်တိုက်များ ရှိနေရလျှင် အတော်ဝမ်းနည်းဖွယ် ကောင်းပြီး ပြည်သူတို့၏ အလင်းတံခါးကို ပိတ်ထားသည်နှင့် တူပေလိမ့် မည်။ ကိုယ့်မရှိလို့ သူများကလှူတာ ရှက်စရာမရှိ၊ အခြားသူက မိမိပြည်သူတို့အတွက် စေတနာဖြင့် လှူသည်ကို မယူလျှင်သာ ပြည်သူ့ရန်သူ မည်ပေသည်။

စာကြည့်တိုက်တို့သည် အမေရိက၏ အောင်မြင် ကြောင်း လျှို့ဝှက်လက်နက်ဟုပင် ကျွန်တော် ဆိုချင်ပါ သည်။ ထိုလျှို့ဝှက်လက်နက်တို့ကို လေ့လာခွင့်၊ တို့ထိခွင့် ရခဲ့ခြင်းသည် အမေရိကခရီးတွင် စီစဉ်ထားသည့်အထဲ မပါဘဲ မိမိဘာသာ ကြားဖောက် ရယူနိုင်ခဲ့သော အခွင့် အရေးတစ်ရပ် ဖြစ်သည်။ ထိုသို့ လေ့လာခဲ့သောကြောင့် အမေရိကန်၏ အခြားသော အစိတ်အပိုင်းများကို လေ့လာခွင့်အချို့နှင့် လဲလိုက်ရသည် ဆိုလျှင်လည်း ကျွန်တော် မနှမြောပါ။ တစ်ခုပဲရှိသည်။ မြန်မာတို့တွင် ထိုလက်နက်မျိုး ပိုင်ဆိုင်လာစေလိုသော ကျွန်တော့် ရောဂါကတော့ အမေရိကစာကြည့်တိုက်များနှင့် ကြုံဆုံအပြီးတွင် ပိုပြီး ရင့်သန်လာခဲ့သည်။

Original- The Voice Weekly
[facebook]
[blogger]

MKRdezign

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget